မျက်စိနာတာ သက်သာစေဖို့ ဘာတွေစားလို့ ဘာတွေရှောင်ကြမလဲ
မျက်စိနာတယ်ဆိုတာကို တော်တော်များများ မြင်ဖူး ခံစားဖူးကြမှာပါ။ မျက်စိနာတဲ့အခါ များသောအားဖြင့် ကတော့ မျက်ဖြူသားတွေမှာ နီမြန်းတာ၊ မျက်လုံးယားတာ၊ မျက်လုံးမှာ ရောင်ရမ်းတာတွေကို ခံစားရနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ မပြင်းထန်ပါဘူး။
မျက်စိနာတဲ့အခါ မျက်စဉ်းခတ်တာ၊ မျက်လုံးကို သေချာလေး သန့်ရှင်းပေးတာ အပြင် အစားအသောက်လေးကို သေချာလေး ဂရုစိုက်ပေးတာက မျက်စိနာတာကို သက်သာစေမှာပါ။ ဒီတော့ မျက်စိနာတာကို မြန်မြန်သက်သာ စေဖို့အတွက် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
မျက်စိနာတာ သက်သာစေဖို့ ဘာတွေ စားရပါ့
မျက်စိနာတာကို သက်သာစေဖို့အတွက် အခုလို အစားအစာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင်စားသုံး သင့်ပါတယ်။
- ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ - ဗီတာမင် အေဆိုတာက မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင် တစ်မျိုးပါ။ မျက်စိတစ်ရှူးတွေ ပြန်လည်ကျန်းမာလာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက်စိနာနေချိန်မှာ မြန်မြန်လေး သက်သာစေဖို့ဆိုရင် ဗီတာမင် အေ ပြည့်ဝစွာ ပါဝင်နေတဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်ဇီးသီး စတာတွေကို စားပေးလို့ ရပါတယ်။ ဒီအစားအစာတွေက မျက်လုံးထဲက ခိုးလိုးခုလု ဖြစ်တာတွေကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။
- အိုမီဂါ သရီး ပြည့်ဝအောင် စားပါ - အိုမီဂါ သရီး ပါဝင်နေတဲ့ အစားအစာတွေက အရောင်ကျစေဖို့နဲ့ အနာကျက်စေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက်စိနာတာကို သက်သာစေဖို့ ဆိုရင် အိုမီဂါ သရီး ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်၊ ဆာဒင်းငါး စတာတွေကို စားပေးဖို့ လိုပါမယ်။ ငါး မစားချင်ရင်တော့ ချိုင်ယာစေ့၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး စတာတွေကို စားပေးလို့ ရပါတယ်။
- ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေ - ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ကြတဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုစ်၊ စပျစ်သီးတွေကို စားပေးတာက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး မျက်စိနာတာကိုလည်း သက်သာစေမှာပါ။
- အင်ဒီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အစားအစာတွေ - အင်ဒီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အစားအစာတွေက အရောင်ကျစေနိုင်ပြီး မျက်စိနာတာကိုလည်း သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မျက်စိနာတာကို သက်သာစေဖို့ဆိုရင် ကိုက်လန်၊ ဟင်းနုနွယ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးလို့ ရပါတယ်။
နောက်ထပ် စားပေးလို့ ရသေးတာတွေကတော့ - ချာမိုမိုင်းရေနွေးကြမ်း၊ ဘယ်ရီသီးတွေဖြစ်ကြတဲ့ စတော်ဘယ်ရီသီးတွေ၊ ရက်စ်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေကို စားပေးလို့ ရပါတယ်။ ဘာတွေ စားရမလဲ ဆိုတာကို သိသွားပြီဆိုတော့ ဘာတွေ ရှောင်ရမလဲဆိုတာကို ဆက်ပြောပြပေးသွားပါမယ်။
ဘာတွေရှောင်ရမလဲ
မျက်စိနာနေချိန်မှာ မျက်စိနာတာကို ပိုဆိုးမသွားစေဖို့အတွက်ဆိုရင်တော့ -
- အငန်ကဲတာတွေ - ဆားအပါအဝင် အငန်ကဲတာတွေကို လျှော့စားပေးပါ။ အငန်ကဲတဲ့ အစားအစာတွေက မျက်လုံးတဝိုက်မှာ အရည်တွေ စုစေပြီး မျက်စိနာတာကြောင့် ရောင်ရမ်းတာကို ပိုဆိုးစေနိုင်ပါတယ်။
- အစပ်ကဲတာတွေ - အစပ်များတဲ့ အစားအစာတွေက မျက်စိနာတာကို ပိုဆိုးစေပြီး မျက်လုံးရောင်တာကိုလည်း ပိုဆိုးစေနိုင်တာကြောင့် ရှောင်ဖို့ လိုပါမယ်။
- ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေ - ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ဆီကြော်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်သလို အာဟာရပါဝင်မှု နည်းပါးရုံတင်မဟုတ်ဘဲ မျက်စိနာတာအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။
- ကဖင်း နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ - ကဖင်းနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး မျက်စိနာတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဒီသောက်စရာတွေအစား သောက်ရေနဲ့ အခြားရေဓာတတ်ဖြည့်ပေးနိုင်တဲ့ သောက်စရာတွေကို သောက်တာ ပိုကောင်းပါတယ်။
အာဟာရပြည့်ဝမျှတစွာ စားသုံးတာက ကိုယ်ခံအားကို ကောင်းစေနိုင်သလို မျက်စိနာတာကိုလည်း မြန်မြန်သက်သာစေနိုင်ပါတယ်။ အာဟာရကိုလည်း သေချာ ဂရုစိုက်ပြီး စားမယ်။ ကုသမှုကိုလည်း သေချာလေး ခံယူမယ်ဆိုရင် မျက်စိနာတာက အချိန်တိုအတွင်းမှာ သက်သာလာမှာပါ။
မွန်မွန်